Select Page

တောင်ကြီး နိုဝင်ဘာ-၁၇
၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို နိုဝင်ဘာ (၁၆) ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ် ဖူဆယ်လက်ရွေးစင်အသင်းမှ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးမှ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများအတိုင်း စည်းကမ်းတကျ၊ စနစ်တကျရှိစွာနှင့် မိမိအသင်းအောင်မြင်မှုရရှိနိုင်စေရန် တရားသဖြင့်ယှဥ်ပြိုင်နိုင်အောင် ကြိုးပမ်းမည်ဆိုသည့် စိတ်ဓါတ်နှင့် ကြိုးစားယှဥ်ပြိုင်သွားကြရန်၊ အနိုင်အရှုံးသည်ပဓါနမကျဘဲ၊ အားကစားစိတ်ဓာတ်ဖြင့် ယှဥ်ပြိုင်ခြင်းသည်သာ အဓိကဆိုသည့် အားကစားစိတ်ဓါတ်ကိုလည်း အမြဲထားရှိကြရန်လိုအပ်ပါကြောင်း၊ ကစားသမားများအနေဖြင့် ပြိုင်ပွဲကာလအတွင်း အစားအသောက်၊ အနေအထိုင်၊ အသွားအလာကို ဆင်ခြင်ပြီး စည်းကမ်းရှိရှိ နေထိုင်သွားလာစားသောက်ကြရန်၊ မိမိကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ အုပ်ချုပ်သူ/နည်းပြများ၏ သွန်သင်ဆုံးမမှုများကိုလည်း နာခံမှတ်သားကြရန် ပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ် ဖူဆယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲကုန်ကျစရိတ်ငွေများ ထောက်ပံ့ပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများမှ လက်ခံရယူကြသည်။
ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ရှမ်းပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ရာ အားကစားသမားများမှ လက်ခံရယူပြီး ရှမ်းပြည်နယ် ဖူဆယ်အသင်းကိုယ်စား နည်းပြချုပ်က ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့