
တောင်ကြီး နိုဝင်ဘာ-၁၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စု တည်ထောင်သူ နာယက၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၀)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ တောင်ကြီးဂေါက်ကလပ်၌ ကျင်းပသော တောင်ကြီးဂေါက်ကလပ် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။
ဦးစွာ တောင်ကြီးဂေါက်ကလပ် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ္ဘောဘဏ်နှင့်ကမ္ဘောဇအုပ်စု တည်ထောင်သူ နာယကနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းတိုင်နှင့် မှတ်တမ်းတင်ဂုဏ်ပြုကျေးဇူးတင်လွှာ ကျောက်စာတိုင်တို့အား စက်ခလတ်နှိပ်ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။
ထို့နောက် တောင်ကြီးဂေါက်ကလပ်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲအား ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက SMOKE BALL ရိုက်ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြကာ စိန်ရတုအထိမ်းအမှတ်အဖြစ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကံ့ကော်ပင်စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးပညာသင် ကျောင်းတိုက်၌ နာဂပုရသာသနာလင်္ကာရအသင်းကြီးက ကြီးမှူးကျင်းပအပ်သော ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က သမန္တာအစချီသောဂါထာတို့ဖြင့် နတ်ဗြဟ္မာများအားဖိတ်ကြား၍ နမောတဿ အစချီသော ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်ပဓာန နာယက ဆရာတော်ကြီး(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစက၊ သ-စ-အ ဓမ္မာစရိယ) ဘဒ္ဒန္တသုစိတ္တာဘိဝံသ မဟာထေရ်ထံ သြကာသကန်တော့ကျိုးဖြင့် ကန်တော့၍ သရဏဂုံသီလ ဆောက်တည် ကြပြီး သံဃာတော်များ ချီးမြှင့်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်ကို နာယူကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ အလိုတော်ပြည့်ဓမ္မာစရိယ တက္ကသိုလ် ပဓာနနာယက ဆရာတော်ကြီး(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ သ-စ-အ ဓမ္မာစရိယ ဘဒ္ဒန္တသုစိတ္တာဘိဝံသ မဟာထေရ်-က သြဝါဒကထာချီးမြှင့်တော်မူသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
၎င်းနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အရာရှိစစ်သည်မိသားစုဝင်များက ဆွမ်းဆန်၊ ဆီ၊ အလှူတော်ငွေကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်၊ တပ်နယ်မှူးနှင့်အရာရှိ အရာခံ၊ အကြပ်စစ်သည်များ၊ မိသားစုဝင်များနှင့် အလှူရှင်များက သံဃာအပါး(၄၀၀၀)အား ဆွမ်းဆက်ကပ်နိုင်ရန် အလှူငွေများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အလှူငွေများအား လည်းကောင်း ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့