
တောင်ကြီး နိုဝင်ဘာ-၁၆
မြူနှင်းများဖုံးလွှမ်းပြီး မှိုင်းညို့တဲ့တောင်တန်းများနဲ့အတူ အေးချမ်းသာယာသည့် ရာသီဥတုနှင့်အညီ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ဆိုသည့် အတိုင်း ၂၀၂၆ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၁၆)ရက် ညနေပိုင်းက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူတို့က စူဠာမုနိလောကချမ်းစေတီဘုရားအား ပန်း၊ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံ(၁)လုံး လွှတ်တင်ပူဇော်ပေးကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိလာရာ ကိန္နရီကိန္နရာ အကများ၊ တိုးနယားအကများ၊ ရှမ်းဓားသိုင်းအကများ၊ တိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း၊ အဝေရာမီးပုံးပျံကွင်းတွင် ဒေသခံအဆိုတော်များမှ ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ၂၀၂၆ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သည် တိုင်းရင်းသားရိုးရာ အစဉ်အလာအရ ကျင်းပသည့်ပွဲတော် တစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ်အရပ်ရပ်က ပြည်သူများကစိတ်ဝင်စားသည့် ပွဲတော်တစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံများမှ ခရီးသွားဧည့်သည်များပါ စိတ်ဝင်စားစွာ လာရောက်လည်ပတ်ကြသည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများအားလုံးက ညီရင်းအစ်ကို မောင်ရင်းနှမများပမာ ချစ်ခင်ရင်းနှီးစွာ၊ အေးချမ်းတည်ငြိမ်စွာ၊ စည်းလုံးညီညွှတ်စွာ၊ ပျော်ရွှင်ကြည်နူးစွားနှင့် ပူးပေါင်းပါဝင်ဆင်နွှဲကြခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ သွေးစည်းညီညွှတ်မှုကို ဖော်ထုတ်ပြသနိုင်သည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အကျိုးလာဒ်ကောင်းများကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားကြရမှာ ဖြစ်ပါကြောင်း၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအမွေအနစ်ပွဲတော်များကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်ထိန်းသိမ်းစောင့်ရှောက် သွားကြရန်တိုက်တွန်းပြောကြားသွားသည်။
ယင်းနောက် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီနာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး စိန်နားပန် မီးပုံးပျံ(၁)လုံး လွှတ်တင်ပေး၍ တိုင်းရင်းသား၊ တိုင်းရင်းသူများမှ မီးပုံးပျံအလတ် အလုံး(၆၀၀)၊ ကျောင်းသား၊ကျောင်းသူများမှ မီးပုံးပျံအသေး(၈၀၀) စုစုပေါင်း မီးပုံးပျံအလုံးပေါင်း (၁၄၀၀)လုံးကို လွှတ်တင်ပေး၍ မီးရှူး၊မီးပန်း ပစ်ဖောက်ပေးကြပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဆုရသီချင်းဖြင့် အဆိုတော် စိုင်းဟိန်းကိုကိုမှ ကမ္ဘောဇမောတို့ရှမ်းဌာနေ သီချင်းဖြင့် ဖျော်ဖြေ၍ တိုင်းရင်းသား၊ တိုင်းရင်းသူအကအဖွဲ့တို့မှ တူညီအကဖြင့် တင်ဆက်ဖျော်ဖြေပေးကြပြီး ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့် ဖျော်ဖြေတင်ဆက် ကြကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဝေရာမီးပုံးပျံကွင်းအတွင်း ဝင်ရောက်၍ ဖွင့်ပွဲမီးပုံးပျံ စိန်နားပန်မီးပုံးပျံတစ်လုံးအား လွှတ်တင်ပေးကြပြီး တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာပြည်သူများ (၃)သိန်းကျော် လာရောက်ကြည့်ရှု့အားပေးခဲ့ကကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၆ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး(၇၁)လုံး၊ စိန်နားပန်(၄၁)လုံး စုစုပေါင်း ညလွှတ်မီးပုံးပျံ(၁၁၂)လုံး၊ နေ့လွှတ်အရုပ်မီးပုံးပျံ အရုပ်ခြေနှစ်ချောင်း(၂၃၆)လုံး၊ အရုပ် ခြေလေးချောင်း(၁၃၈)လုံး၊ အရုပ်အုပ်စု(၇၅)လုံး စုစုပေါင်း(၄၄၉)လုံး ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့