Select Page

ရွှေညောင် နိုဝင်ဘာ-၁၀
နိုဝင်ဘာလ(၁၀)ရက်နေ့က အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီး မြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာရွှေဘိုရပ်ကွက်နှင့်ရတနာရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြ ရကြောင်း သိရသည်။
အဆိုပါရေ ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ(၁၁)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အ‌ရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရေကြီးရေလျှံဖြစ်ပွားသည် ရွှေညောင်မြို့၊ နယ်မြေ(၁) မင်္ဂလာရွှေဘို ရပ်ကွက်၌ ပြည်သူများအား နေအိမ်မှ ရေဘေးလွတ်ရာနေရာသို့ ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ စုပေါင်း၍ စဘိတ်ဘုတ်စက်လှေများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ရေဘေးသင့်ပြည်သူများအား ရွှေညောင်မြို့ ကုန်းလှိုင်၊ ဇေယျသိရီဓမ္မာရုံ၌ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရှိထားရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရေဘေးသင့်ပြည်သူများကို တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ရေဘေးသင့်ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦးတို့က ရေဘေးသင့်အိမ်ထောင်စု(၁၀၆)စုနှင့် လူဦးရေ(၃၈၈)ဦးအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ရွှေညောင်မြို့၊ ကုန်းလှိုင်၊ ဇေယျသိရီဓမ္မာရုံ၌ အိမ်ထောင်စု(၁၀၆)စု၊ လူဦးရေ(၃၈၈)ဦး ခန့်ကို ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် တပ်မတော် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် တောင်ကြီး-ရပ်စောက်သွားလမ်း၊ ရေပူကျေးရွာအနီး တံတားအကျော် အနိမ့်ပိုင်း နေရာတွင် ရေကြီးရေလျှံမှုများ (၄)ပေခန့်တက်ရောက်လာရာ နိုဝင်ဘာ(၁၁)ရက်နေ့တွင် ရေများ ပြန်လည်ကျသွားသဖြင့် ပြည်သူများ ယာဥ်ကြီး၊ ယာဥ်ငယ် ဖြတ်သန်းသွားလာနိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ခရီးသွားယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်ပြန်လည် ဖြတ်သန်းသွားလာနိုင်ရေး ကူညီပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ယာဉ်ကြီး၊ ယာဉ်ငယ်များ ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့၊ ကံသာယာရှေ့ရပ်ကွက်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး နေအိမ်များအတွင်း ရေဝင်ရောက်မှုခဲ့သဖြင့် အဆိုပါနေအိမ်များမှ ပြည်သူများအား မီးသတ်တပ်ဖွဲ့မှ လှေများ၊ စဘိတ်ဘုတ်ယာဥ်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျီးဖြူကန်အား သွားရောက် ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကန်အတွင်းရှိရေများ သတ်မှတ်ရေအမြင့်ပေထက် ကျော်လွန်ရောက်ရှိခဲ့မှု အခြေအနေ၊ ယနေ့ညနေပိုင်းတွင်သတ်မှတ်ရေအမြင့်ပေသို့ ပြန်လည်ကျဆင်းနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့ အဆင်းလမ်း၊ အင်းကြင်းတောင်အနီး၌ မြေကြီးပြိုကျမှုများဖြစ်ပွားခဲ့သဖြင့် စက်ယန္တရားများဖြင့် ဖယ်ရှားနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း မှာကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့