
တောင်ကြီး နိုဝင်ဘာ – ၉
နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း အစီအစဉ် (၂၀၂၆)ခုနှစ် ပြည်နယ်အဆင့် အသိပေးဆွေးနွေးခြင်းနှင့်လုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်သည် မြို့နယ် ကျေးရွာများ ကျယ်ပြန့်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးငယ်တစ်ဦးမျှ မကျန်ရှိရအောင် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာများရှိ ဆေးရုံများ ကျန်းမာရေးဌာနများ အုပ်ချုပ် ရေးမှူးရုံးများနှင့် စာသင်ကျောင်းများတွင် အခြေစိုက်စခန်းများဖွင့်လှစ်ပြီး ထိုးနှံပေးမည့်အပြင် ဝေးလံ ခေါင်ဖျားသည့် တိုင်းရင်းသားကျေးရွာများအထိ ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင်ကွင်းဆင်းပြီး သတ်မှတ်စုရပ် နေရာများသို့ သွားရောက်ထိုးနှံပေးမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် တိုင်းရင်းသား မျိုးနွယ်စုများ စုံလင်စွာမှီတင်းနေထိုင်ရာ ပြည်နယ်တစ်ခုဖြစ်သည့်အတွက် အစိုးရအဖွဲ့အတွင်းမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများက ဦးဆောင်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် မြို့မိမြို့ဖများ အနေဖြင့် မိမိတို့၏ တိုင်းရင်းသားဒေသ အသီးသီးတွင် ကာကွယ်ဆေး၏ အကျိုးကျေးဇူးများကို တိုင်းရင်းသား ဘာသာစကားများဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုးဆော်ကြရန် တိုက်တွန်း လိုပါကြောင်း၊ ယခုဆောင်ရွက်သည့် နိုင်ငံ တစ်ဝန်းလုံးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအစီအစဉ် ( MR Follow-Up Campaign 2026) သည် ပြည်နယ်အတွင်းရှိ ကလေးငယ်များ၏ အသက်နှင့်အနာဂတ်ကို ကာကွယ်ပေးမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်ကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှာရှိသည့် ကလေးငယ်များအားလုံး ကာကွယ်ဆေးလွှမ်းခြုံမှု ၉၅ ရာခိုင်နှုန်းနှင့်အထက် ရရှိပြီး ဝက်သက်နှင့်ဂျိုက်သိုးရောဂါများ ကင်းစင်ပပျောက်ပြီး ကျန်းမာ သန်စွမ်းသည့် အနာဂတ် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ရာနှုန်းပြည့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က ဝက်သက်၊ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း အစီအစဉ်အထိမ်းအမှတ် တေးသီချင်း Video Clip ကို ပြသရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ကလေးငယ်များအား ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးမှုများကို ကြည့်ရှုအားပေးပြီး ကလေးငယ်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့