
တောင်ကြီး နိုဝင်ဘာ-၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၂၆ ခုနှစ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး အမှတ်စဥ်(၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်သည် တိုင်းရင်းသားရိုးရာအစဥ်အလာအရ ကျင်းပသည့်ပွဲတော်တခုဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာ့နိုင်ငံများကပါ စိတ်ပါဝင်စားသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ပွဲတော်ရက်များတွင် အနယ်နယ်အရပ်မှ ပြည်သူများ ပွဲတော်သို့ လာရောက် လည်ပတ်ကြမည်ဖြစ်၍ လုံခြုံရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မီးပုံးပျံများတွင် အသုံးပြုသည့် ယမ်းများအန္တရာယ်မဖြစ်ပေါ်စေရေး ဂရုတစ်စိုက် အလေးထား ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍ အလိုက် မီးပုံးပျံပြိုင်ပွဲများတွင် အကဲဖြတ်အမှတ်ပေးရာတွင်လည်း အဂတိကင်းစွာ ဆုံးဖြတ်အမှတ်ပေးရန် လိုအပ်ပါကြောင်း၊ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်းရေးအတွက် သက်ဆိုင်ရာကော်မတီအလိုက် ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော လုပ်ငန်းကော်မတီများဖြစ်သော ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ၊ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပြပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မသိုးသင်္ကန်း ရက်လုပ်ယှဥ်ပြိုင် ဆက်ကပ်ရေး၊ ဆုချီးမြှင့်ရေးနှင့်ဆွမ်းဆက်ကပ်ရေး လုပ်ငန်းကော်မတီ၊ မြို့လုံးကျွတ် မဟာဘုံကထိန် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ပွဲနှင့် ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးနှင့်သန့်ရှင်းမှုကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ မီးပုံးပျံပညာရှင်တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအားတင်ပြဆွေးနွေးကြသည်။
ထို့နောက် လုပ်ငန်းကော်မတီများမှ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်ချက်များကို ပြည်နယ် ဝန်ကြီးချုပ်ကပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အထွေထွေဆွေးနွေးကြကာ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိဂုံးချုပ် စကားပြောကြားကြောင်း သိရသည်။
အဆိုပါ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၁၆)ရက်မှ(၂၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး မီးပုံးပျံ ညမီးကြီး (၇၁) လုံး၊ စိန်နားပန် (၄၁)လုံး စုစုပေါင်း ညလွှတ်မီးပုံးပျံ (၁၁၂) လုံး၊ နေ့လွတ်ခြေနှစ်ချောင်း(၂၃၆)လုံး၊ ခြေလေးချောင်း (၁၃၈) လုံး၊ အရုပ်အုပ်စု(၇၅)လုံး၊ စုစုပေါင်း နေ့လွှတ်အရုပ်မီးပုံးပျံ (၄၄၉) လုံး ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ရပ်နီး၊ ရပ်ဝေးမှ မီးပုံးပျံဝါသနာရှင်များ လာရောက်ကြည့်ရှု လည်ပတ်နိုင်ပါရန် ဖိတ်ခေါ်ထားကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့