
တောင်ကြီး အောက်တိုဘာ-၃၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၃၀)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းရှိ အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း (၃)ထပ် RCC စာသင်ဆောင်သစ် ဆောက်လုပ်နေမှုအား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း (၃)ထပ်RCC စာသင်ဆောင်သစ်ကို တာဝန်ယူဆောက်ရွက်နေသော ပွင့်သစ်ဝေကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အဆောက်အဦ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကော်မတီအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာမှာ ရှမ်းပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများကို အားပေးမြှင့်တင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေ ရေးကိုရှေးရှုပြီး အလေးထားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အားပေးမြှင့်တင်နိုင်မှသာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တာဝန်ယူမှုဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြိုဆိုအားပေးပြီး အတည်ပြုနိုင်ရေးဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဦးစိုင်းတင်အောင်သိန်းက တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ Myanmar United Farmers Agriculture Co. Ltdမှ အအေးခန်း သိုလှောင်ရုံ တည်ဆောက်၍ အာလူးမျိုးသိုလှောင်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း ဆောင်ရွက်ရန် အတည်ပြု လျှောက်လွှာတင်ပြလာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခု ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈.၁၉၀သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂၃)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁.၆၇၄သန်း အပါအဝင်ကျပ် ၆၉,၈၁၀.၄၀၀သန်းကို ခွင့်ပြုပေးထားခဲ့ပြီးကြောင်း ၊ အဆိုပါလုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင် အခွင့် အလမ်းအနေဖြင့် ပြည်တွင်း ၂၆၅၅ ဦးနှင့်ပြည်ပ ၇၈ ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့