
ညောင်ရွှေ အောက်တိုဘာ-၂၉
အင်းလေးဖောင်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီ အပူဇော်ခံပြီး သီတင်းကျွတ်လပြည့်ကျော်(၃)ရက် အောက်တိုဘာ (၂၉) ရက် နံနက်ပိုင်းက မူလ စံကျောင်းတော်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားတွင် ဦးစွာ စွမ်းအင်သုံးစွဲမှုလျော့ချနိုင်ရေး အင်းရေပြင်တွင် စက်ဆီများညစ်ညမ်းမှုလျော့ချနိုင်ရေးအတွက် အင်းလေးအစုအဖွဲ့မှ ဆောင်ရွက် ထားသော EV စက်လှေဖြင့် အင်းလေးဒေသထွက်ကုန်ဖြစ်သည့် ခရမ်းချဥ်သီး၊ ခရမ်းသီး၊ ငရုတ်သီး သယ်ဆောင်ပေးပို့မှု သရုပ်ပြသခြင်းကိုလည်းကောင်း၊ အင်းလေးဒေသရိုးရာဆွမ်းပို့လှေများ သရုပ်ပြသခြင်းကိုလည်းကောင်း၊ လှေယဥ်အလှအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်များ ကရဝိတ်ဖောင်တော်ဖြင့် ကြွချီ လာရာရုပ်ပွားတော် ပထမအဆူကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပင့်ဆောင်၍လည်းကောင်း၊ ဒုတိယအဆူကို ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပင့်ဆောင်၍ လည်းကောင်း၊ တတိယအဆူကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပင့်ဆောင်၍ လည်းကောင်း၊ စတုတ္ထအဆူကိုပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပင့်ဆောင်ပေးကြပြီး မူလကိန်းဝပ်စံပယ်တော်မူသည့် ပလ္လင်ပေါ်သို့ ပင့်ဆောင်ပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖောင်တော်ဦး မြတ်စွာ ဘုရားအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းတို့ ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ(၂၁)ဌာနသို့ ကြွချီ ရာတွင် ဆက်ကပ်ခဲ့ကြသော ကြာသင်္ကန်းများအား တက်ရောက်လာသည့် တာဝန်ရှိသူများကို ဝေငှပေးကြသည်။
ယင်းနောက် မူလစံကျောင်းတော်အရှေ့ဘက်ရှိ ထိန်ထိန်လင်းကျောင်းဆောင်၌ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ မူလကိန်းဝပ်စံပယ်တော်မူသော စံကျောင်းတော်ဝင်ပွဲ အခမ်းအနား ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့်ရှမ်းပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာန နာယက၊ အဘိဓဇ မဟာရဋ္ဌဂုရုဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။၊
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိ သူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော်သြဝါဒါစရိယ မိုင်းသောက် ပထမစာသင်တိုက် ဦးစီးပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။
ထို့နောက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အမျိုးသား (၄၆) တက် ၊ အမျိုးသားရာကျော်လှေ၊ အမျိုးသမီး(၂၆)တက်၊ကျောင်းသား (၂၆) တက်၊ ကျောင်းသားတစ်ဦးချင်း လှေလှော်ပြိုင်ပွဲ အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများ စတင် ယှဥ်ပြိုင်ရာ ပြိုင်ပွဲဝင်အသင်းများက စည်းလုံးညီညွှတ်မှုအားဖြင့် ကြိုးစား ယှဥ်ပြိုင်နေမှုကို ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဒေသခံတိုင်းသား ပြည်သူ များနှင့် ခရီးသွားဘုရားဖူးဧည့်သည်များက ကြည့်ရှုအားပေးကြသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ လှေယဥ်၊ ဆွမ်းပို့လှေ ဂုဏ်ပြုဆုများကို အင်းတိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးတို့က လည်းကောင်း၊ အမျိုးသား(၄၆)တက် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့်အသင်းများကို ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် တစ်ဦးချင်း ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက လည်းကောင်း၊ ကျောင်းသား(၂၆)တက်ပြိုင်ပွဲတွင် ဒုတိယ၊ပထမဆု ရရှိသူများကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသား(၄၆)တက်ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆု ရရှိသူများကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကလည်းကောင်း၊ အမျိုးသမီး(၂၆)တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းစိုးစိုးထွေးတို့က ဆုများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမျိုးသား ရာကျော်လှေပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲကို နောင်အင်းလေးသီချင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းအောက်ထပ်ရှိ ဘုရား သမိုင်းဝင် ပြခန်းကိုလည်းကောင်း၊ အင်းလေးရိုးရာအထည်များ ရောင်းချနေသည့် စျေးဆိုင်တန်းများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့