
တောင်ကြီး အောက်တိုဘာ-၃၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ အောက်တိုဘာ(၃၁)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်း၌ ဝါလကင်းလွတ်သီတင်းကျွတ်ကျောင်းများ ပိတ်ရက်ပြီးစီး၍ ကျောင်းများပြန်လည် ဖွင့်သည့်အချိန်၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရန်၊ ကျောင်းပတ် ဝန်းကျင်တွင် ခြင်များ၊ ယင်ကောင်များ၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေး အတွက် ဌာန ဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး အတွက် ရေနုတ်မြောင်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းဝင်းရှိ တင်းနစ်အားကစားကွင်း၌လည်းကောင်း၊ ကျောင်းပတ် ဝန်းကျင်၌လည်းကောင်း၊ ချုံ၊ နွယ်၊ ပေါင်းမြက်များအား စက်ယန္တရားများဖြင့်လည်းကောင်း၊ လူအားဖြင့် လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည့်ကြည့်ရှုအားပေးကြပြီး ကျောင်းမိုးလုံလေလုံ အားကစားရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်ကျောင်းရှိ အားကစားကွင်းနှင့် ကျောင်းပတ် ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ချုံနွယ်ပေါင်းမြက်များ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများတို့ကို စက်ယန္တရားများ ဖြင့်လည်းကောင်း၊ လူအားဖြင့်လည်းကောင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ပြည်နယ်အကစားကွင်း၌ ကျင်းပသော Shan United FC အသင်းက ၂၀၂၅-၂၀၂၆ခုနှစ်၊ ဘောလုံးရာသီတွင် ရရှိခဲ့သော MNL Champions ဆုဖလားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ အပ်နှံခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးထံ Shan United အသင်း အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူတစ်ဦးက ၂၀၂၅ – ၂၀၂၆ခုနှစ် ဘောလုံးရာသီ MNL Champion ဆုဖလားကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ် ဘောလုံးရာသီ ရှုံးပွဲမရှိ ချန်ပီယံရွှေဖလားအား လည်းကောင်း၊ ၂၀၂၆ -၂၀၂၇ခုနှစ် M League Charity ဒိုင်းဆုအား အပ်နှံပေးကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် SHAN UNITED FC အသင်းနှင့် DAGON STAR UNITED FC အသင်းအားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး နှစ်ဘက်အားကစားသမားများ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့