Select Page

တောင်ကြီး အောက်တိုဘာ-၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ (၂၄) ရက် နံနက်ပိုင်းက တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာစေတီတော်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၈)နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် နမ့်တဘက်ချောင်းအတွင်း စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့တို့က တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော်ပန်းခြံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဗောဓိညောင်ပင်နှင့် နှစ်ကျိပ်ရှစ် ဆူဘုရားတွင် သန့်ရှင်း ရေးဆောင်ရွက်နေမှုကိုလည်းကောင်း ၊ စူဠာမုနိလောကချမ်းသာ ဘုရားရင်ပြင်တွင် သန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဘုရားပုရဝဏ်အတွင်းရှိ မုဒ်ဦး လေးဘက်တွင် သန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရူအားပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၃၈)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာရှိ နမ့်တဘက်ချောင်း အတွင်း စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နမ့်တဘက်ချောင်းအတွင်း ငါးခုံးမကြီး၊ ငါးမြစ်ခြင်း၊ ရွှေဝါငါးကြင်း စုစုပေါင်းကောင်ရေ (၅၄၀၀၀)ကို ဇီဝတဒါနအဖြစ် ငါးမျိုးစိတ်စိုက်ထည့် ပေးကြကြောင်း သိရှိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများသည် အောက်တိုဘာ (၂၃)ရက်နေ့ ညနေပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာအုပ်စုရှိ MRTV-4, Forever Yawati သို့ သွားရောက်ကြည့်ရူစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမ၌ MRTV-4 Forever Yawati မှ တာဝန်ရှိသူတစ်ဦးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စိမ်းလန်းစိုပြေရေးကို အခြေခံ၍ ရုပ်မြင်သံကြားရိုက်ကူး ထုတ်လုပ်မှု စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် MRTV-4, Forever Yawati မှ ဆောင်ရွက်ထားရှိထားသော ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ရိုက်ကူးထုတ်လုပ်ရာတွင် အသုံးပြုရန် ကျေးရွာပုံစံ ဆောက်လုပ်ထားသည့် ကျေးရွာနေအိမ်များအား လည်းကောင်း၊ စတူဒီယိုအဆောက်အဦများကိုလည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်း စိုပြေရေး ဆောင်ရွက်ထားရှိသည့် သဘာဝရှုခင်းရိုက်ကွင်းများအား လည်းကောင်း လှည့်လည်ကြည့်ရူ စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့