
တောင်ကြီး အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာရှိ ထိပ်တန်းကြယ်ဆယ်ခု ကုမ္ပဏီလီမိတက် ခဲသတ္တုသန့်စင်အကြီးစာထုတ်လုပ်မှုလုပ်ငန်း ရုံးခန်းမ၌ ပြုလုပ်သည့် သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ရှေးဦးစွာ ထိပ်တန်းကြယ်ဆယ်ခု ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးစိုးထွန်းအောင်နှင့် ကောင်းသောအင်အားကြယ်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဝင်းမောင်တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ္တုတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဂေဟစနစ်ထိခိုက်မှုကို အတတ်နိုင်ဆုံး လျော့ချရန်လိုကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုမ္ပဏီလုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည့် ကဏ္ဍများကိုလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး ကုမ္ပဏီများ၏ ရှင်းလင်းတင်ပြချက်များနှင့် ဒေသခံများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထိပ်တန်းကြယ်ဆယ်ခု ကုမ္ပဏီလီမိတက်၏ ခဲသတ္တုသန့်စင်စက်ရုံနေရာသို့သွားရောက်ပြီး ခဲသတ္တုကုန်ကြမ်းကြိတ်ခွဲနေမှုလုပ်ငန်းအားလည်းကောင်း၊ ခဲသတ္တုကုန်ကြမ်းအား အဆင့်ဆင့်သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား လည်းကောင်း၊ ဈေးကွက်သို့တင်ပို့ရောင်းချသည့် သန့်စင်ပြီး ခဲသတ္တုများကို လည်းကောင်း ကြည့်ရှုရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့