Select Page

တောင်ကြီး အောက်တိုဘာ-၂၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၂၆ ခုနှစ်၊ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် ကြသည်။ 
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံ ချို့ယွင်းခြင်း များသည် ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ကြောင်းကို သိရှိနားလည်ပြီး ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အခြားနှီးနွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးက ပြည်သူလူထုနှင့်အတူ တက်ညီ လက်ညီပူးပေါင်းပါဝင်ပြီး မျက်စိကျန်း မာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ ရသော မျက်စိရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်သွား စေရန် ရည်ရွယ်ပြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့  အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ ယခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်ကတော့ Love Your Eyes အမြင်အာရုံ ကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေး အလေးပေးစို့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သားအားလုံး ဘဝတစ်လျှောက် အမြင်အာရုံ ချို့ယွင်းမှုမရှိစေဖို့အပြင်  နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မား စေရေးနှင့် နိုင်ငံအနာဂတ်လှပစေဖို့အတွက် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအား လုပ်ငန်းခွင် မျက်စိ ကျန်းမာရေးဆိုင်ရာ ဗဟုသုတမျှဝေပေးခြင်း၊ ငယ်စဉ်ကလေး အရွယ်ကစ၍  မျက်စိကျန်းမာရေးကို အလေးထား ဆောင်ရွက်ကြဖို့ တိုက်တွန်း နှိုးဆော်ခြင်းများအား ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွယ် ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်ပြည်သူအားလုံးပူးပေါင်း၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ 
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် မျက်မမြင်ပပျောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်း တင်ပြပြီး စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးမှ မျက်စိရောဂါ အထူးကု ဆရာဂန်ကြီး ပါမောက္ခ ဒေါက်တာခင်ဦးမေ က မျက်စိရောဂါနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထား သော ပြခန်းများအား လည့်လှည်ကြည့်ရူ အားပေးကြပြီး မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ တပ်ဆင်ပေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့