Select Page

တောင်ကြီး အောက်တိုဘာ-၂၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၂၈)ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ မြစိမ်းကျေးရွာ၊ Taunggyi Garden City အနီးရှိ နဂါးတစ်ထောင်စေတီအုတ်မြစ်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နဂါးတစ်ထောင်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝံသသီရိထံ သြကာသ ကန်တော့ ကျိုးဖြင့်ရှိခိုး၍ ငါးပါးသီလဆောက်တည်ကြပြီး ဆရာတော်ကြီးအား အုတ်မြစ်တော်နှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် မင်္ဂလာအချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ဇနီးဒေါ်နန်းစိုးစိုးထွေးတို့က မင်္ဂလာအုတ်မြစ်တော်များ ချပေး၍အမွှေးနံ့သာရည်များပက်ဖျန်း ပေးကြပြီးလှူဒါန်းမှု အစုစုအတွက် နဂါးတစ်ထောင်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝံသသီရိထံ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ လူထူအခြေပြု ဗဟိုဌာန (Community Centre)၌ ကျင်းပသော ၂၀၂၆ခုနှစ်၊ ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ သီချင်းပြိုင်ပွဲ သီချင်းအတည်ပြုရွေးချယ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၆ခုနှစ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား သီချင်းပြိုင်ပွဲ ဒိုင်ချုပ် ဒေါက်တာအောင်နေမျိုးက အကဲဖြတ်ရွေးချယ်သည့် အချက်အလက်များအား ရှင်းလင်း တင်ပြသည်။
ထို့နောက် သီချင်းအတည်ပြုရွေးချယ်ပွဲ စတင်ကျင်းပရာ ပဏာမအဆင့် ရွေးချယ်ခံထားရသည့် အဆိုရှင်(၆)ဦးမှ မဲနှိုက်ကြပြီး အမှတ်စဥ် အလိုက်ပြိုင်ပွဲကို ကျင်းပရာ အဆိုရှင်ခန့်သီဟက ဂန္တဝင်ပွဲတော်သီချင်းကိုလည်းကောင်း၊အဆိုရှင်အောင်သူရလင်းက ဝေဟင်ထက်က ပွဲတော်ည သီချုင်းကိုလည်းကောင်း၊ အဆိုရှင် ခွန်ကြည်မောင် က တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော် သီချင်းကိုလည်းကောင်း၊ အဆိုရှင် ဒီနေရှင်းက မောရှမ်းမြေတန်ဆောင်တိုင်သီချင်းကို လည်းကောင်း၊ အဆိုရှင် ကိုဖိုက်(သုံးထစ်လှေကား)က တို့ရိုးရာသီချင်းကိုလည်းကောင်း၊အဆိုရှင် စိုင်းဟိန်းကိုကို က ကမ္ဘောဇမောတို့ရှမ်းဌာန သီချင်းဖြင့်လည်းကောင်း ပါဝင်ယှဥ်ပြိုင်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ၂၀၂၆ခုနှစ်၊ ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ပိတ်ပွဲသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် သီချင်းအား တန်ဆောင်တိုင် ပွဲတော် ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပြပွဲ၊ပြိုင်ပွဲ ကျင်းပရေးကော်မတီမှထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ပြိုင်ပွဲတွင် ပဏာမ ရွေးချယ်ခံထားရသည့် သီချင်း(၆)ပုဒ်အား အကဲဖြတ်ရမှတ်အလိုက် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့