
တောင်ကြီး အောက်တိုဘာ-၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူပွဲနှင့်အောင်ပွဲမင်္ဂလာပွဲကို သီတင်းကျွတ်လဆန်း(၁၄)ရက် အောက်တိုဘာ(၂၅)ရက် နံနက်(၅) နာရီခွဲက တောင်ကြီးမြို့၊ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမာန်ရှေ့၌ ကျင်းပသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ်အစိုးရဖွဲ့ ပြည်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်မိသားစုဝင်များ၊ အလှူရှင်များ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ အချိုပွဲများ၊ သစ်သီးများ၊ ခေါက်ဆွဲခြောက် များ လောင်းလှူပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ ခေါက်ဆွဲခြောက်များ၊ သစ်သီးများ၊ အချိုပွဲများ လောင်းလှူနေမှုကို လှည့်လည်ကြည့်ရှုကြပြီး ဆွမ်းလာရောက် လောင်းလှူ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
၎င်းနောက် ဝါတွင်းကာလ အရုဏ်ဆွမ်းနှင့်ဆွမ်းဟင်းများလောင်းလှူပွဲအောင်ပွဲကို တောင်ကြီးမြို့ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမာန်၌ ကျင်းပရာ ဆရာတော်၊ သံဃာတော်များအား ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူချုပ်၊ ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါစရိယ၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒွန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့၊ ဝေဠုန်ဝန် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသီရိဓမ္မာဘိပါလထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပြီးမြောက်ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါတွင်းကာလ နောက်ဆုံးအပတ်တွင် အရုဏ်ဆွမ်းနှင့်ဆွမ်းဟင်းများလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းပေါင်း(၆၉)ကျောင်းမှ ဆရာတော်၊ သံဃာတော်အပါး (၉၀၀) အား ဆွမ်း၊ ဆွမ်းဟင်း၊ အချိုပွဲ၊ ခေါက်ဆွဲခြောက်များ၊ ဆေးနှင့်သစ်သီးများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့