Select Page

တောင်ကြီး နိုဝင်ဘာ-၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၇)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော (၃၈) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည့်သူအကျိုးပြု ဆောင်ရွက်ရေး၊ ဌာနရဲ့မူဝါဒဖြစ်သည့် နိုင်ငံတော်မူဝါဒလိုက်နာရေး၊ အခြေခံသဘောတရားနှင့် ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးဆိုသည့် အချက်များကို ချမှတ်ပြီး ဌာနလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ အစိုးရယန္တရား၏ အစိတ် အပိုင်းတစ်ခုအဖြစ် လည်ပတ်မောင်းနှင်ပေးနေသည့် ဌာနတစ်ခုလည်းဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ဌာနဖြစ်သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအားလုံးသည် အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းနဲ့ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာမှာ တွေ့ကြုံရသည့် အခက်အခဲများကို စိန်ခေါ်မှုအဖြစ် မှတ်ယူကျော်လွှားကျော်ပြီး အဂတိတရား ကင်းရှင်းစွာဖြင့် ဌာန၏ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းမှန်ကန်စွာဖြင့် လိုက်နာ ဆောင်ရွက်သွားကြရန်၊ ပေးအပ်တဲ့တာဝန်နဲ့ ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ပေးကြရန်၊ မိမိတို့ဌာနအတွင်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်က အားထားရသည့် ဌာနတစ်ခုဖြစ်အောင် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် စိတ်ဓါတ်ခွန်အားသစ်များ အစဉ်မွေးမြူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်၊ ရှမ်းပြည်နယ်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုအောက်တွင် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားသည်။
၎င်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက် အုပ်ချုပ်ရေးသမိုင်း Video Clip ကိုပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရူအားပေးကြပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဂုဏ်ပြုချီးမြှင့်ငွေနှင့် တိုက်ပွဲရှောင်ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲနှင့် တိုက်ပွဲဖြစ်စဥ်များကြောင့် သေဆုံး၊ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသော ဝန်ထမ်းမိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ရာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
ယင်းနောက် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဇော် ဝင်းဌေးက ဝန်ထမ်းဟောင်းများအား အမှတ်တရလက်ဆောင်နှင့် ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လက်ဆောင်များ၊ သင်တန်းတွင် ထူးချွန်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးမှလက်ခံရယူကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ တစ်နှစ်တာ ကာလ အတွင်း လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းဟောင်းများ၊ ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အမှတ်(၇) အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျောင်းသား ၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စွာရှိရေးနှင့် ခြင်များ၊ ယင်ကောင်များ၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူ များက ချုံ၊ နွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ အမှတ် (၁၃) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းပတ်ဝန်းကျင်၌ ခြင်များ၊ ယင်ကောင်များ ခိုအောင်းမှုမရှိစေရန်အတွက် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်မျာ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ ချုံနွယ်၊ ပေါင်းမြက်များကို စက်ယန္တရားများဖြင့်လည်းကောင်း၊ လူအားဖြင့်လည်းကောင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့