Select Page

တောင်ကြီး နိုဝင်ဘာ-၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့က ကြီးမှူး၍ (၂၅)ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော်စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်ကို နိုဝင်ဘာ(၈)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့်ဘုရား မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာအခမ်းအနားကို ဆရာတော်သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ နိုင်ငံတော် သြဝါဒါ စရိယ၊ ကမ္ဘောဇသာမဏေကျော်စာမေးပွဲ ကျင်းပရေးအဖွဲ့၏ သြဝါဒါစရိယ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။
ထို့နောက် မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးဝင်းနိုင်မှ (၂၅)ကြိမ်မြောက် ကမ္ဘောဇ သာမဏေကျော် စာမေးပွဲကျင်းပအောင်မြင်မှု အခြေအနေများကို ဆရာတော်များအား ဖတ်ကြား လျှောက်ထားပြီး အမရပူရမြို့၊ ဓမ္မာစရိယ၊ ဒေါက်တာတင်ထွန်းရေးသားပူဇော်အပ်သော (၃၅ပဒစီ၊ အချီညီပိုဒ်စုံရတု ထုတိသြဘာရတုပိုဒ်စုံကို ပန်းအလင်္ကာမြန်မာမှုတေးဂီတအဖွဲ့ဂီတမှူး စန္ဒရားဆရာ ဇေယျာထွန်းနှင့်အတူ အင်းလေးတေးသံရှင်မယ်ဆွေ (အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်) ရန်ကုန်မှ သီဆိုပူဇော်သည်။
၎င်းနောက် ကမ္ဘောဇသာမဏေကျော် ဘွဲ့ရသာမဏေကျော်များအား ဘွဲ့ပုံတော်နှင့် ဘွဲ့တံဆိပ် တော်၊ ဘွဲ့အလံတော်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဆက်ကပ်လှူဒါန်းပေးကြပြီး စာမေးပွဲအဆင့်အလိုက် အောင်လက်မှတ် စာအောင်ဆု များကို တာဝန်ရှိသူများက ဆက်ကပ်ပေးကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီးတို့က ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးကြပြီး သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် ဆရာတော်၊ ကမ္ဘောဇ သာမဏေကျော် စာမေးပွဲကျင်းပရေးအဖွဲ့၏ နာယက၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ တေဇဝန္တထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေ ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
အဆိုပါ စာအောင်သာမဏေကျော်များအား မြို့လယ်ဓမ္မာရုံမှ စတင်၍ သံဃဒါနများ လောင်းလှူကြပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မြို့မစျေးမီးပွိုင့်မှတစ်ဆင့် စျေးပိုင်းကုန်သည်လမ်း၊ မြတ်လေးလမ်း၊ စဝ်စံထွန်းလမ်းအတိုင်း ကြွချီအပူဇော်ခံကြကြောင်း သိရှိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ(၇)ရက် ညနေပိုင်းက တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊တူးမြောင်းလမ်းရှိ ဆရီဆပ်သရာနာရာရမ်းဘုရားကျောင်း၌ ကျင်းပသော ဒေပါဝလီ မီးထွန်းပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ဆရီဆပ်သရာနာရာရမ်းဘုရားကျောင်း ကျောင်းထိုင်ဆရာတော်ပဏ္ဍိတမှ ဒီပါဝါလီပွဲတော် ကျင်းပခြင်း၏ ဝိနည်းတော်များကို ရှင်းလင်းတင်ပြပြီး ပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ခြင်း ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆီမီး ထွန်းညှိပေးကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌမှအမှာစကားပြောကြားသည်။
ဆက်လက်၍ ဆရီဆပ်သရာနာရာရမ်းဘုရားကျောင်း ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်ဂုဏ်ပြု နှုတ်ဆက်စကားပြောကြားပြီး ဟိန္ဒူရိုးရာအကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဒေပါဝလီမီးထွန်းပွဲတော် အမှတ်တရ လက်ဆောင်ပေးအပ်ရာ ဆရီဆပ်သရာနာရမ်းဘုရားကျောင်းတာ ဝန်ရှိသူများမှလက်ခံရယူကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့