
ညောင်ရွှေ နိုဝင်ဘာ-၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၆)ရက် နံနက်ပိုင်း က ညောင်ရွှေမြို့နယ်၊ ညောင်ရွှေသက်မွှေးသင်တန်းကျောင်း၌ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီနာယက၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကလေးအလုပ်သမားများခိုင်း စေခြင်းသည် မိဘများ၏ ဝင်ငွေလိုအပ်ချက် နှင့်အလုပ်ရှင်များ၏ လုပ်ခသက်သာသည့် အလုပ်သမားလိုအပ်ချက်များကို ဖြည့်ဆည်းခြင်း ဖြစ်သော် လည်း နိုင်ငံတော်၏အနာဂတ်အတွက် များစွာထိခိုက်နစ်နာသည့်အတွက် ကလေးငယ်များ၏ အနာဂတ် ကောင်းမွန်ရေးနှင့် နိုင်ငံတာ်တည်ဆောက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မျှော်ကာ ကလေးအလုပ်သမားပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ရေရှည်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အနေဖြင့် ကျောင်းပြင်ပမှာရောက်ရှိနေသည့် ကလေးများနှင့်မိသားစုများကို မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေး၊ အန္တရာယ်ရှိသည့် အလုပ်အကိုင်များမှ ကလေးအလုပ် သမားများ ပပျောက်ရေးဆိုသည့် ရည်ရွယ်ချက်များနှင့်သက်မွှေးသင်တန်းများကို ဖွင့်လှစ်ပေးနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ရှိသူများက ကြိုးစားအားထုတ်ဆောင်ရွက်နေကြသလို သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်လည်း မိမိဘဝရပ်တည်နိုင်ရေးတို့အတွက် ယခုသင်ကြားပေးမည့် အသက်မွှေးဝမ်းကျောင်း ပညာရပ်ကို ကြိုးစားအားထုတ်သင်ယူကြရန် လိုအပ်ပါကြောင်း၊ သင်တန်းကရရှိမည့် ကျွမ်းကျင်မှု အဆင့်နှင့်တင်းတိမ်ရောက့်ရဲခြင်းမရှိဘဲ မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ စဥ်ဆက်မပြတ် လေ့လာဆည်ပူးသင်ကြားသွားကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ညောင်ရွှေသက်မွှေးသင်တန်းကျောင်းအတွက် စားစရိတ်ထောက်ပံ့ငွေနှင့် ဆန်အိတ်များပေးအပ်ရာ သင်တန်းကျောင်းအုပ်ဆရာကြီး ဦးစိုင်းကျော်ကျော်ခိုင်မှ လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းအတွက် သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားပြီး သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် ကွန်ပျူတာ အခြေခံသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကို (၁) လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ညောင်ရွှေအကျဥ်းထောင်၌ ဝန်ထမ်း နေအိမ် (၆) ခန်းတွဲ (၂) ထပ်RC (၁) လုံးတည်ဆောက်နေမှုကိုသွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် တည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးသို့တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ ဝင်များအနေဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ဆောင်ရွက်ရာတွင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံနိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေး လုပ်ငန်း များ၊ မွေးမြူရေးလုပ်ငန်းများ၊ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ အစိုးရကခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာအသုံးချနိုင်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့်ဌာန၊ အဖွဲ့အစည်း အားလုံးနှင့် ချိတ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဆုံးဖြတ်ရန် အမှုတွဲများအား ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များမှ အထွေထွေ ဆွေးနွေးကြပြီး ပြည်နယ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့