
ညောင်ရွှေ နိုဝင်ဘာ-၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၅)ရက် နံနက်ပိုင်းက ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာ၌ ကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက စပါးသီးနှံအား ပြည်နယ်အတွင်း နှစ်စဉ် ဧက ၁၂ သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လယ်စပါး ၆ သိန်းကျော်၊ ယာစပါး ၄ သိန်းကျော်နှင့် တောင်ယာစပါး ၂ သိန်းခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ၂၀၂၆- ၂၀၂၇ ခုနှစ်တွင် မိုးစပါးဧက ၁၂ သိန်း ၄ သောင်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဧက ၃ သိန်း ၇ သောင်းကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ ညောင်ရွှေမြို့နယ်အနေဖြင့် မိုးစပါး ဧက ၁ သောင်း ၂ ထောင်ကျော် စိုက်ပျိုးထားရှိမှုကို သိရှိရပါကြောင်း၊ မိုးစပါး စံကွက်ရိတ်သိမ်းခြင်းဖြင့် တိကျသည့် အထွက်နှုန်းခန့်မှန်းနိုင်ခြင်း၊ ရိတ်သိမ်းချိန် ကို အတိအကျ သတ်မှတ်နိုင်ခြင်း၊ စိုက်ပျိုးရေးအတွက် အချက်အလက်များ ရရှိနိုင်ပြီး စရိတ်သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ လက်ရှိအချိန်မှာ အခါမဟုတ် မိုးရွာသွန်းမှုများလဲ ဖြစ်ပေါ်လျက်ရှိသည့် အတွက် ရိတ်သိမ်းပြီးစပါးများ အမိုးအကာအောက် ရောက်ရှိစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ပြည်နယ်အတွင်းရှိ တောင်သူများကို လိုအပ်သော မျိုးစေ့နှင့် သွင်းအားစုများကို ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ပြည်နယ်ဦးစီးမှူးတို့က မိုးစပါး စံကွက်ရိတ်သိမ်းခြင်း၊ သီးနှံစိုက်ပျိုးမှု အခြေအနေများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် စံကွက်ရိတ်သိမ်းခြင်း၊ ကွင်းသရုပ်ပြသပွဲကို ကြည့်ရှုအားပေးကြပြီး တောင်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ တောင်သူများ၏ တင်ပြချက်အပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စပါးစံကွက်ရိတ်သိမ်းမှုတွင် ရွှေအပ်စပါး (၁) ဧကလျင် စပါးအစိုထွက် (၁၃၃.၆၇)တင်း တင်းထွက်ရှိကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ရှိ မင်းကျန်စစ်အိမ်ရာအား သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က တောင်ကြီးဥယျာဉ်အိမ်ယာစီမံကိန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆေးရုံအဆောက်အဦ တည်ဆောက်မည့်ပုံစံနှင့် စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်းကျန်စစ်အိမ်ရာအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့