Select Page

တောင်ကြီး နိုဝင်ဘာ-၄
နိုင်ငံ့အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့် လူငယ်လူရွယ်များ၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ် စိတ်ဓာတ်များကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ မိမိတို့နိုင်ငံနှင့်လူမျိုးတို့၏ သမိုင်းကြောင်းအစဉ်အလာ၊ အမျိုးသားရေးလက္ခဏာ (National ldentity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာသာသနာ၊ ယဥ်ကျေးမှုတို့၏ ကြီးမြတ်သည့်ရိုးရာတန်ဖိုးများကို ပိုမိုနားလည်သဘောပေါက် သိရှိလာစေရန်နှင့် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက်မပြတ် ဆက်လက် လက်ဆင့် ကမ်းထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် နိုဝင်ဘာ(၄)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များမှ လူငယ်လေ့လာရေးအဖွဲ့က တောင်ကြီးမြို့၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ယဥ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ လာရောက် လေ့လာကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကြည့်ရူအားပေးခဲ့ ကြကြောင်း သိရသည်။
ဦးစွာ ယဥ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှက လာရောက်လေ့လာကြသည့် လူငယ်များအား ယဥ်ကျေးမှုပြတိုက် ဖွဲ့စည်းထားရှိမှုနှင့် ရှမ်းပြည်နယ်ဖွား တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ရာဒေသ တည်နေရာပြ ရှမ်းပြည်နယ်မြေပုံအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းများနှင့် တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များမှ လူငယ်များက ရှေးဟောင်းသုတေသနဆိုင်ရာ ပြတိုက်ရှိ တိုင်းရင်းသားမျိုးနွယ်စုပြခန်း၌ ရှမ်းပြည်နယ်၏ အထိမ်းအမှတ် ကိန္နရီ၊ ကိန္နရာကဟန်ရုပ်ထု၊ ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများအားလည်းကောင်း၊ ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် ပြခန်းရှိ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ လက်မှုလုပ်ငန်းများ၊ စဥ့်ထည်၊ ယွန်းထည်၊ မြေထည်များနှင့် တိုင်းရင်းသားများ၏ ရိုးရာအိမ်ပုံစံငယ်များကိုလည်းကောင်း၊ ပေါရိသတ် မြို့ဟောင်းမှရရှိခဲ့သည့် ကြေးဖြင့်သွန်းလောင်းထားသော ပျူခေတ်ဆိုင်ရာ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်၊ သစ်သားဖြင့်ထွင်းထုထားသော စေတီတော်၊ပျူဒင်္ဂါးများအား လည်းကောင်း၊ ရုပ်ကြွပါသော အုတ်ချပ်များ၊ သစ်မွှေးစာတိုက်သေတ္တာများ၊ ရှမ်းတိုင်းရင်းသားစာဆိုတော်များ၏ ပန်းချီကားများကို လည်းကောင်း၊ ရှေးယခင်ကုန်စည်ဝန်ဆောင်မှုတွင် အသုံးပြုသော ကြေးခေါင်းလောင်းများအား လည်းကောင်း၊ သမိုင်းဝင်ပင်လုံစာချုပ် နှင့် ပန်းချီပြခန်းကိုလည်းကောင်း၊ ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် ပြခန်းရှိ ဒေသခံတိုင်းရင်း သားများ၏ ရိုးရာအသုံးအဆောင်များ၊ လက်မှုလုပ်ငန်းများ၊ စဉ့်ထည်၊ ယွန်းထည်၊ မြေထည်များနှင့် တိုင်းရင်း သားများ၏ ရိုးရာအိမ်ပုံစံငယ်များကိုလည်းကောင်း ကြည့်ရှု လေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းပြောကြားကြပြီး လေ့လာရေးအဖွဲ့များမှ လူငယ်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ပေးခဲ့ကြကြောင်းသိရသည်။
ထို့သို့ အခြေခံပညာအထက်တန်းကျောင်းများမှ လူငယ်များ လာရောက်လေ့လာနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားပြီး လေ့လာရေး အဖွဲ့လူငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် လေ့လာရေးအဖွဲ့မှ လူငယ်များသည် ယဥ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်၌ သုတ၊ ရသ စာအုပ်စာစောင်များ ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးမှု အခြေ အနေများကိုလည်းကောင်း၊ မြန်မာစာအုပ်နှင့် အင်္ဂလိပ်စာအုပ်များအား စနစ်တကျထိန်းသိမ်းထားရှိသည့် အခန်းအားလည်းကောင်း၊ ပေစာ၊ ပုရပိုက်စာများ၊ ရှမ်းစာပေစာလိပ်များနှင့် သတင်းစာများ ထိန်းသိမ်း ထားရှိသည့် အခန်းအားလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းကျောင်းများနှင့် တိုင်းရင်းသာစာပေယဥ်ကျေးမှု အဖွဲ့ များမှ လူငယ်လေ့လာရေးအဖွဲ့သည် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)မှ ဆောင်ရွက်လျက်ရှိသည့် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် စာကြည့်တိုက်အသုံးပြု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဥ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက် လေ့လာခဲ့ကြသည်။
ဦးစွာ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ အခြေခံပညာ အထက်တန်းကျောင်းများနှင့် တိုင်းရင်းသာစာပေယဥ်ကျေးမှုအဖွဲ့များမှ လူငယ်လေ့လာရေးအဖွဲ့အား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လေ့လာရေး အဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးက လူထုအခြေပြု ဗဟိုဌာန Community Centre၌ ဆောင်ရွက်လျက်ရှိသော လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းများနှင့် တိုင်းရင်းသာစာပေယဥ်ကျေးမှုအဖွဲ့များမှ လူငယ်လေ့လာရေးအဖွဲ့သည် လူထုအခြေပြုဗဟိုဌာန Community Centreရှိ သင်တန်းခန်းမအား လည်းကောင်း၊ အစည်းအဝေးခန်းမနှင့် ကွန်ပျူတာသင်တန်းခန်းမ လက်တွေအသုံးချနေမှုအား လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက် လက်တွေ့အသုံးချနေမှု အားလည်းကောင်း၊ ကလေး စာဖတ်ခန်းနှင့် ပြတိုက်ငယ် (Mini Museum)အား လည်းကောင်း ၊ Mobile Library Bus အား လည်းကောင်း လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ပြောကြားကြပြီး လေ့လာရေးအဖွဲ့မှ လူငယ်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခြခံပညာအထက်တန်းကျောင်းများနှင့် တိုင်းရင်းသားစာပေယဥ်ကျေးမှု အဖွဲ့များမှ လူငယ် လေ့လာရေးအဖွဲ့များ လူထုအခြေပြုဗဟိုဌာန(Community Centre)သို့ လာရောက်လေ့လာ နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ မြို့မ ရပ်ကွက်ရှိ တောင်ကြီးမြို့မရဲစခန်း၌(၄)ခန်းတွဲ(၃)ထပ် သံကူကွန်ကရစ် အဆောက်အဉီ(၁)လုံး တည်ဆောက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က အဆောက်အဦအား သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးရန် နှင့် အရည်အသွေးပြည့်မှီအောင် ဆောက်လုပ်သွားရန်မှာကြားပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ မင်္ဂလာဦး ရပ်ကွက်ရှိ တောင်ကြီး နယ်မြေရဲစခန်း၌ (၆)ခန်းတွဲ(၃)ထပ် သံကူကွန်ကရစ် အဆောက်အဦ (၁) လုံး တည်ဆောက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းပြီး ပြည်နယ် ဝန်ကြီးချုပ် က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့