Select Page

အင်းလေးဒေသဟိုတယ်ဇုန်စီမံကိန်းရှင်းလင်းချက်

Sep 5, 2013

အင်းလေးကန်သည် –

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ် များအတွင်း ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၂၉၅၀)တွင် တည်ရှိပြီး၊ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသဖြစ်ပါသည်။

သဘာဝအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သာမက တိုင်းရင်းသားရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကြောင့် ပြည်တွင်းပြည်ပနိုင်ငံများတွင် အထင်ကရကျော်ကြားပြီး ခရီးသွား လုပ်ငန်းနေရာကောင်းတစ်ခု ဖြစ်ပါသည်။

ထိုကဲ့သို့ ခရီးသွားလုပ်ငန်းနေရာကောင်းဖြစ်သည်နှင့်အညီ တစ်နှစ်ထက်တစ်နှစ် ကမ္ဘာလှည့် ခရီးသည်များ လာရောက်လည်ပတ်မှုများပြားလာသည်နှင့်အမျှ တည်းခိုစရာ ဟိုတယ်များ လိုအပ်လာပါ သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ပြည်တွင်း ပြည်ပ နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာမှုများပြားလာသည်ဖြစ်ရာ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အင်းကြင်းကုန်းချောင်းပါးဒေသ၌ အဆင့်မြင့် ဟိုတယ်များ စနစ်တကျတည်ဆောက်နိုင်ရန်အတွက် အင်းလေးဒေသဟိုတယ်ဇုန်စီမံကိန်းကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ဟိုတယ်ဇုန်စီမံကိန်းဖွဲ့စည်းတည်ဆောက်မှုပုံစံကို အောက်ပါရည်ရွယ်ချက်များဖြင့် ရေးဆွဲ ဆောင်ရွက်ပါသည်-

(က) နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်ကောင်းမွန်လာစေရေးအတွက် လိုအပ်ချက် တစ်ရပ်ဖြစ်သည့် ဟိုတယ် အဆောက် အဦများကို စနစ်တကျအဆင့်မီမီတည်ဆောက် အကောင်အထည်ဖော် နိုင်မည့် ဖွဲ့စည်း တည်ဆောက်မှုပုံစံကို အဆိုပြုရေးဆွဲရန်။

(ခ) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှောင်လွှဲမရနိုင်သည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု (Environmental impacts)နှင့် လူမှုရေးထိခိုက်မှု(Social impacts)များကို တက်နိုင်သမျှအနည်းဆုံးဖြစ်စေမည့် ဖွဲ့စည်းတည်ဆောက်မှု ပုံစံ ဖြစ်စေရန်။

(ဂ) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းများဖြစ်သော လမ်း၊ တံတားစသည့် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အဦများ(Physical infrastructure)တည်ဆောက်ရာတွင် ကုန်ကျစရိတ်အနည်းဆုံးနှင့် အကျိုးရှိအထိရောက်ဆုံးအဆိုပြုပုံစံတစ်ခုဖြစ်လာစေရန်။

(ဃ) ကမ္ဘာလှည့်ခရီးသည်များ၏ လိုအပ်ချက်နှင့် လိုလားချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်သည့် ဖွဲ့စည်းတည်ဆောက်မှုပုံစံတစ်ခုဖြစ်စေရန်နှင့် ဒေသအတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားကို အထောက်အကူဖြစ်စေရန်။

အင်းလေးဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ များ ကို အသေးစိပ်သိရှိလိုပါကအောက်တွင် Download ရယူပြီးလေ့လာနိုင်ပါသည်။

Download here Inle Hotelzone Project

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482