Select Page

ညောင်ရွှေ သြဂုတ် ၂၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၈ရက်၊ မွန်းလွဲ ၁ နာရီက ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာရှိ အင်းလေးဖောင် တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များအားဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြပြီးဘုရားအတွက် အလှူငွေများလှူဒါန်းပေးကြရာ ဘုရားဂေါပကအဖွဲ့မှတာဝန်ရှိသူများက လက်ခံယူကြောင်းသိရသည်။
ထို့နောက် ၁၃၆၈ခုနှစ်၊သီတင်းကျွတ်လတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင် တော်မြတ်များဒေသစာရီကြွချီ လှည့်လည် ပူဇော်နိုင်ရေးအတွက် ညောင်ရွှေမြို့နယ်၊ဖောင်တော်ဦးစံကျောင်းတော်ကုန်းမြေရှိ သာသနာထိန်ထိန်လင်း နှစ်ထပ်ကျောင်းဆောင်၌ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။ဦးစွာအစည်းအဝေးကို အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့မှ သြဝါဒါစရိယ မိုင်းသောက်ဆရာတော် အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်အဖွဲ့၊ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။
ဆက်လက်၍ ညောင်ရွှေမြို့၊ မိုင်းသောက် ပထမ စာသင်တိုက် ဦးစီးပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး၊ ဆရာတော်၊သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး၊ သီတင်းကျွတ် လတွင် ကျင်းပပြုလုပ်မည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီလှည့်လည် အပူဇော်ခံနိုင်ရေးသည် နှစ်စဥ်ပူဇော်မြဲဖြစ်၍ ယခုနှစ် လှည့်လည်အပူဇော်ခံပွဲကိုလည်း အင်းလေးရိုးရာဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီ အောင်မြင်စွာ ကျင်းပမည် ဖြစ်သည့်အတွက် ဆရာတော်၊သံဃာတော်များ က လမ်းညွှန်သြဝါဒပေး၍ ကူညီပေးနိုင်ပါရန် နှင့် ရှမ်းပြည် နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသစာရီကြွချီလှည့်လည်အပူဇော်ခံပွဲအောင်မြင်စွာကျင်းပနိုင်ရန် လိုအပ်သည် များကို ပံ့ပိုးကူညီ စီစဥ်ဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ထို့နောက် သဘာပတိဆရာတော်ဖြစ်သည် မိုင်းသောက် ပထမစာသင်တိုက်၊ဦးစီးပဓာန နာယက ဆရာတော် က သြဝါဒမိန့်ကြားပေးပြီး၊ ဆရာတော် ၊သံဃာတော်များးအား ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ပထမစာသင်တိုက်သို့ သွားရောက်၍ ဦးစီးပဓာန နာယက နိုင်ငံတော် သြဝါဒါစရိယ၊အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသ ထံ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့